ဗိုလ်ချုပ်အောင်ဆန်းပြန်လာပြီ
( က ဗျာ ရှ ည် စ / ဆုံး )(၁)
ဗိုလ်ချုပ်အောင်ဆန်းဟာ
သွေးအိုင်ထဲက ပြန်ထလာတယ်။
ဒီလိုမှန်းသိ
ဒီလွတ်လပ်ရေးအကြောင်း ငါမတွေးခဲ့ပါဘူး
ဘိုကေကို ကျကျနနဖြီး အိုင်စီအက်စ်လေဟုန်မှာစီးနေခဲ့မှာပေါ့။
ဒီလိုမှန်းသိ
ငါ ဟိုင်နန်ကျွန်းမှာ ဒုက္ခရစရိယ သွားမကျင့်ခဲ့ပါဘူး
ဘန်ကောက်လုံချည်တရွှမ်းရွှမ်း
ပိုးအင်္ကျီတိုက်ပုံအလွမ်းစားနဲ့
ငါ… ကောင်မလေးတွေရှေ့
လေကလေးချွန်ဖြတ်လျှောက်နေမှာပေါ့။
ဒီလိုမှန်းသိ
ဒီလိုမှန်းမသိခဲ့တာတွေ စုစည်းခေါင်းစဉ်တပ်
ဒန်တေရဲ့
ငရဲခန်း ကမ္ဘာကျော် ကဗျာရှည်ကြီးတစ်ပုဒ်
စောင့်ရေးခဲ့မှာပေါ့လို့ ရင်ထုမနာပြောရင်း။
(၂)
ကျုပ်ပြောခဲ့သားပဲ
အာဏာနိုင်ငံရေးနဲ့ကျုပ် မဖြစ်ပါဘူးလို့
ခု ကျုပ် ဒီအရပ်မှာ လက်ပိုက်ပြီးရယ်နေရပြီ ၊ ကျုပ်ပြောခဲ့တဲ့အတိုင်း။
ကျုပ်ပြောခဲ့သားပဲ
“ပြဲနေအောင်လုပ်ကာမှ တော်ကာကျမယ်”
ဒီ့ထက်မှန်တဲ့ဟောစတမ်း တွေ့ဘူးလား
“ဖာသည်နိုင်ငံကြီးဖြစ်သွားမယ်”
ဒီ့ထက်မှန်တဲ့ ဗျာဒိတ် ရှိဦးမလား
ဒီနှစ်သင်္ကြန်မှာရော
သိကြားမင်း ဘာကိုင်ဆင်းလားမလဲ ကျုပ်ပြောမယ်
ကျည်ဆန်နဲ့မီးတောက် ဒါကလွဲပြီးဘာရှိဦးမလဲ။
ကျုပ်ပြောခဲ့တာပဲ
ဒါကြောင့်ကျုပ်ကို တစ်ချို့က
ဘုရားလို့တောင်ထင်ခဲ့ကြသေး။
(၃)
ပထမတော့
အဲ့ဒီဓါးပေါ်တင်ခဲ့တဲ့ကျုပ်လက်ဟာ
ဂျပန်စစ်သေနာပတိကြီး ဗိုလ်မှူးကြီး ဆူဇူကီးအတွက်ပဲ
ခုတော့ဒီဓါးဟာ
အေဗရာဟင်လင်ကွန်းရဲ့ပုဆိန်ဖျားမှာ
ဗန်ပိုင်းယားတွေ သွေးတွေဖြာဆင်းသွားသလို
ဒီဓါးဟာ
ကျုပ်နဲ့ကျုပ်တိုင်းပြည်ကိုမျှင်းမျှင်းသတ်နေတဲ့ ဒင်းတို့အတွက်ဖြစ်တော့မယ်။
(၄)
ငါ့မျက်နှာကိုလည်း အိုးမဲသုတ်ခဲ့တယ်
အိမ်ကြက်ချင်းကိုလည်း အိုးမဲသုတ် ခွပ်ခိုင်းခဲ့တယ်
မှောင်နေတဲ့တိုင်းပြည်ကိုတော့
ကန်းသွားအောင် တစ်ခါတည်း
ခါးကသေနတ်ဆွဲထုတ် တည့်တည့်ပစ်ချလိုက်တော့တယ်။
ဒုတ်ကနဲ ဒုတ်ကနဲ ဒုက္ခကျည်ဆန်တွေပစ်သွင်းနေတဲ့အသံ
ငါ့ဆီ ပျံသန်းလာနေတယ်
ငါကြားတယ် ဟေ့ ငါကြားနေရတယ်
မြို့ကြီးတွေမီးလောင် ယမ်းငွေ့တွေဖုံးလွှမ်း
လူသေတွေပြာကျ ငါတွေ့.. တွေ့နေရတယ်
ငါ့သားတို့
အိမ်ထောင်စုဇယားထိပ်က အဖေ့နာမည်ကိုဖြုတ်ရဲခဲ့သူတို့
့အဖေမပေါ်ပဲ မွေးခဲ့သူတွေလို့
အထင်ခံခဲ့ရတာကိုဂုဏ်ယူတဲ့အထိ ရဲရင့်ခဲ့သူတို့။
(၅)
ဟေ့ ငါ့ကိုရုပ်ရှင်ရိုက်ရင်
အင်္ဂလိပ်ခေတ်နဲ့မစနဲ့
ဂျပန်ခေတ်နဲ့မစနဲ့
၈၈၈၈ အရေးတော်ပုံကျောင်းသား
ကိုအောင်ဆန်းခေတ်နဲ့ပြန်စ ၊
ခုမှ ပြည်သူ့လွတ်လပ်ရေးက စမှာဆိုတော့။
(၆)
အရှေ့ဘက်တံခါးတွေကျိုးပေါက်
တောဝက်တွေဝင်ဝင်လာနေတာ
ငါတွေ့တယ် အစွယ်တဖွေးဖွေးနဲ့။
အနောက်ဖက်တံခါးတွေကျိုးပေါက်
မြေပြို မြေမျိုသံတွေ တ၀ုန်းဝုန်းတဗြုန်းဗြုန်း
ငါကြားနေရတယ် ငိုသံယိုသံတွေ တဖွားဖွားနဲ့။
(၇)
ဒီမှာဟေ့ကောင်တွေ
လူထုကိုစည်းရုံးဖို့ နယ်ချဲ့ကိုမောင်းထုတ်ဖို့ တော်လှန်ရေးကိုအသက်သွင်းဖို့
နေပူပူ ရေဆူဆူ လေထူထူမှာ
စက်ဘီးမစီးရဲ လှေမစီးရဲပေမယ့် ငါရဲရဲတောက်
နယ်တကာလှည့်ပြီး တရားဟောခဲ့တယ်
“နယ်တကာလှည့်ပြီး ငါ ပါးမရိုက်ခဲ့ဘူး”
(၈)
ငါ့စကားတွေ ရိုင်းချင်ရိုင်းမယ်
ငါ့အမူအယာတွေ ရိုင်းချင်ရိုင်းမယ်
ငါပြောတာတွေကတော့ အမှန်တွေချည်းပဲ
ယုံရင်လိုက်ခဲ့
“ဗမာ တစ်ကျပ်ဆို ကရင်လည်း တစ်ကျပ်ပဲ”
အဲ့ဒါကို ငါ နှလုံးသားနဲ့ခေါ်ခဲ့တယ်
“ဘယ်တော့မှ Bullet နဲ့မခေါ်ခဲ့ဘူး”
(၉)
ကိုယ့်မြေကိုယ့်ရေမှာ ကိုယ်သာအရှင် ကိုယ်သခင်ပဲ
ရော့ ဒီကထွက်တဲ့စိန်နားကပ်ကြီး မင်းပန်
ရော့ ဒီကထွက်တဲ့ပတ္တမြားကြီး မင်းဝတ်
ရော့ ဒီကထွက်တဲ့ရွှေဆွဲကြိုးကြီး မင်းဆွဲ
ဒီဧရာဝတီမြစ်ကြီးရဲ့တငြိမ့်ငြိမ့်အပေါ်
စိတ်ချမ်းသားကိုယ်ချမ်းသာရွက်လွှင့်
တစ်ယောက်ကိုတစ်ယောက်ဖူးဖူးမှုတ်
ကော့နေ လှနေ မွှေးနေတဲ့
ဒီငကျွဲဆန်ထမင်းကိုမြိန်ရေယှက်ရေအတူတူစား
“ထမင်းတစ်နပ်လျှော့စားဖို့
အိပ်မက်ထဲမှာတောင်ယောင်လို့
ငါဘယ်တော့မှ မပြောခဲ့ဘူး”
(၁၀)
ဒီတော်လှန်ရေးအတွက်
ငါ့မှာ ဘာတံဆိပ်မှ မရှိခဲ့/မရခဲ့ဖူးဘူး။
ဒီလွတ်လပ်ရေးအတွက်
ငါ့မှာ မြေတစ်ကွက် တိုက်တစ်လုံး ကားတစ်စီး
ဘာကိုယ်ရံတော်တပ်စိပ်တစ်စိပ်မှမရှိဘူး။
နှင်းတောထဲမှာ ချမ်းနေသလို
ငါ့ပြည်သူအတွက် ငါ့အင်္ကျီနဲ့နွေးပါစေ ငါချွတ်ပေးခဲ့။
မင်းတို့သိပါတယ်
ဒီအင်္ကျီထူထူကြီးကတော့
အမြင်မတော်လို့ နေရူးကြီး ငါ့ကိုပေးထားခဲ့တာလေ။
ငါပြောမိသေးတယ်
လွတ်လပ်ရေးရပြီးရင် ခေါင်းရှောင်လို့မရ
ခေါင်းဆောင်လေးများ ဆက်ဖြစ်ခဲ့ရင်
နတ်မောက်က အမေအိုကြီးကို
ဆင်းရဲသားတွေရဲ့ အကြွေးတွေကိုလျှော်ပစ်လိုက်
ရှိတဲ့လယ်တွေဝေငှပေးပစ်လိုက်လို့
အမယ်အိုကြီး မကြိုက်လည်း ငါဂရုမစိုက်ဘူးလို့
“ဒီ့အတွက် ငါ့မှာဗိုက်ကိုလှန်ပြဖို့ရာ
သူရဲကောင်းတို့ရဲ့မှတ်တမ်းမှတ်ရာ ဒဏ်ရာများမရှိ”
(ကျည်ဆန် ၁၃ ထောင့်နဲ့မသေပဲ ငါရှင်ခဲ့ရင်ပေါ့)
(၁၁)
၁၉၄၈ လွတ်လပ်ရေးကို
၁၉၄၇ သူ့သွေးနဲ့ရေးခဲ့တယ်
အင်္ဂလိပ်နဲ့တိုက် ဂျပန်နဲ့တိုက်
မျိုးဖျက်သစ္စာဖေါက် လောက်ကောင်တွေနဲ့တိုက်
သူ့ခေါင်းနဲ့ အနိုင်မခံအရှုံးမပေးကဗျာကိုရွတ်ပြီး
၃၁ ဘုံနဲ့တိုက် ငါတို့ရဲ့နိဗ္ဗာန်တံခါးကိုဖွင့်ပေးခဲ့တယ်။
ဒါပေမယ့် ဆာစတက်ဖို့ကလစ်ပ်ရဲ့ အိတ်ကပ်ထဲကဖေါင်တိန်ကို
စောင့်ဆွဲယူသလို ပါလာခဲ့တဲ့လွတ်လပ်ရေး
ကျွန်တော်တို့ နွေးအောင် မကိုင်ခဲ့ရဘူးဆိုတာ
သူသိခဲ့တာပေါ့။
ဒါကြောင့်ပဲ ဒီလိုနဲ့ သူပြန်လာတယ်
ကျွန်တော်တို့ရဲ့ဗိုလ်ချုပ်အောင်ဆန်း ၊
သွေးအိုင်ထဲကထလို့
နောက်တစ်ခါလွတ်လပ်ရေးအတွက်
သမီး အောင် ဆန်း စု ကြည် အဖြစ်နဲ့…။ ။
ခရမ်းပြာထက်လူ
၁ ရက် ၊ ဧပြီ ၊ ၂၀၁၄
အာရှအလင်းစာပေထုတ်
မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
(နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်စုစည်းမှု) စာအုပ် မှ
Comments
Post a Comment